Events

(၁၇) ကြိမ်မြောက် ကွမ်တုံနှင့်မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ (Guangdong and Macao Branded Products Fair 2025 – GMBPF) ပြပွဲ ကျင်းပမည်

Updated At: 2025-05-19 11:56:26

မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ မကာအိုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ Macao Trade and Investment Promotion Institute (IPIM) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနတို့မှကြီးမှူး၍ (၁၇) ကြိမ်မြောက် ကွမ်တုံနှင့်မကာအို ဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ (Guangdong and Macao Branded Products Fair 2025 – GMBPF) ကို မကာအိုမြို့၊ The Venetian Macao ဟိုတယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲအတွက် အောက်ပါအချက်များ ဖော်ပြပါရှိပါသည်-
၁။    ယခုနှစ်တွင် ပြုလုပ်ကျင်းပသွားမည့် GMBPF သည် ကုန်အမှတ်တံဆိပ်များ မြှင့်တင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်အတွက် အရေးပါသည့် စင်္ကြံတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း၊
၂။    ယခုနှစ်တွင် စင်ကာပူနိုင်ငံအား ပါဝင်ပြသရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊
၃။    တရုတ်နိုင်ငံ၊ ပြည်မကြီးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမဒေသတစ်လျှောက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန် မကာအိုဒေသအနေဖြင့် မြန်မာနိုင်ငံမှ ပြပွဲတွင် လာရောက်ပြသမည့် လုပ်ငန်းများအတွက် လျှော့ပေါ့သက်သာခွင့် အခွင့်အလမ်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊
၄။    မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာပြခန်းဧရိယာတွင် ပါဝင်ပြသ၍ ထုတ်ကုန်များ အရောင်းမြှင့်တင်ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ရန်ဖိတ်ကြားလိုပါကြောင်း၊
၅။    ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် GMBPF တွင် လျှပ်စစ်သုံးယာဉ်များ၊ အိမ်သုံးပစ္စည်းများ၊ အဝတ် အထည်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုထုတ်ကုန်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် လက်ဝတ်ရတနာများအပါအဝင် အရည်အသွေးမြင့်ထုတ်ကုန်အမျိုးမျိုး ပါဝင်ပြသခဲ့ပြီး၊ ပါဝင် တက်ရောက်သူဦးရေ ၁၀၀,၀၀၀ ခန့် Business Matching ၄၀၀ ခု ပြုလုပ်နိုင်ခဲ့ပြီး၊ သဘော တူညီချက် ၆၅ ခုအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊
၆။    ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့် GMBPF တွင် ပြခန်း(Booth) နေရာ ၂၀ (အကျယ် ၃ မီတာ x ၃ မီတာ) ပြသခွင့်ရရှိမည်ဖြစ်ပြီး၊ ပြခန်း ၁ ခန်းအတွက် မကာအိုဒေါ်လာ ၁,၄၀၀/- (အမေရိကန် ဒေါ်လာ ၁၇၄.၂၅/-ခန့်) ကို ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ပါဝင်ပြသသူ ၁ ဦးလျှင် ပြခန်း ၁ ခန်း ရရှိမည်ဖြစ်ကြောင်း၊
၇။    ခွင့်ပြုပြခန်း ၁ ခန်းစီအတွက် လာရောက်ပြသမည့် ကုန်စည်များတင်ပို့ရန် (အပြန် သယ်ယူပို့ ဆောင်စရိတ်မပါ) မကာအိုဒေါ်လာ ၃၀၀၀/- ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထိုထောက်ပံ့ငွေ များကို ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့မှုပြေစာများပြသ၍ ပြန်လည်ထုတ်ယူနိုင်ကြောင်း၊
၈။    ပြပွဲလာရောက်ပြသသူများအတွက် သတ်မှတ်ထားသည့် ဟိုတယ်များတွင် အများဆုံး ၅ ညအထိ တည်းခိုနေထိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်သကဲ့သို့ သတ်မှတ်ဟိုတယ်နှင့် ပြပွဲအကြား မော်တော် ယာဉ်စီစဉ်ထားရှိမည်ဖြစ်ပါကြောင်း၊
အဆိုပါပြပွဲ၏ ရပ်ဝန်းနှင့်ပိုးလမ်းမပြခန်းစု (Belt and Road Pavilion) ရှိ မြန်မာနိုင်ငံပြခန်းဧရိယာ (Myanmar Exhibition Area) တွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသလိုပါက Email :  info@ guangdong macaofair.com နှင့် Phone No : (853) 8798 9636 နှင့် Fax : (853) 2897 6197 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းနှင့် ပါဝင်ပြသမည်ဆိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။